Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

ဂရာဇာ ဒီလဲ့ဒါ ဆိုသူမှာ

Posted on April 11, 2015 by Han Sann
ဂရာဇာ ဒီလဲ့ဒါ
ဂရာဇာ ဒီလဲ့ဒါ

ဂရာဇာ ဒီလဲ့ဒါ(Grazia deledda)ဆိုသူမှာ အီတလီနိုင်ငံသူ စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ဒုတိယ မြောက်ရရှိထားသူဖြစ်သည်။ စာပေနိုဘယ်ဆုရရှိသည် အစောဆုံးအမျိုးသမီးစာရေးဆရာဖြစ်သည်။ ဒီလဲ့ဒါကို အီတလီနိုင်ငံရှိ လူလတ်တန်းစားမိသားစုတစ်ခုမှ ၁၈၇၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အလယ်တန်းအထိ ကျောင်းပညာကို သင်ကြားခဲ့သည်။ ဆွေမျိုးနီးစပ်တော်စပ်သူတစ်ဦးက သူမကို ပညာဆက်လက်သင်ကြားပေးခဲ့သည်။ စာပေဆိုင်ရာပညာရပ်များကို သူမကိုယ်တိုင်လေ့လာ သင်ယူခဲ့သည်။

L ultima moda အမည်ရသောဝတ္ထုကို မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခံခဲ့ရသည်။ ထိုဝတ္ထုသည် သူမ၏ ပထမဆုံးပုံနှိပ်ဖော်ပြခံ ရသော ဝတ္ထုဖြစ်သော်လည်း ၁၈၉၀ ခုနှစ်တွင် ဖော်ပြခဲ့သော Nell azzurro ဝတ္ထုသည် သူမ၏ ပထမဦးဆုံးသော စာပေလက်ရာ ဖြစ်နိုင်သည်ဟု ဆိုကြသည်။ သူမ၏ ဝတ္ထုများတွင် စကားပြေနှင့်ကဗျာဟန်များကို တွေ့ရသည်။ သူမ၏ အစောပိုင်းလက်ရာ တစ်ခုဖြစ်သည့် Paesaggi sardi(1896) ဝတ္ထုတွင်လည်း စကားပြေနှင့်ကဗျာဟန်များ ပါဝင်နေသည်ကို တွေ့ရသည်။

၁၉၀ဝ ပြည့်နှစ်တွင် ဒီလဲ့ဒါ အိမ်ထောင်ပြုခဲ့သည်။ ထိုနောက် ရောမသို့ ပြောင်းရွေ့ခဲ့ပြီး စာပေများကို ဆက်လက်ရေးသား ခဲ့သည်။ ထို့နောက် Anime oneste(1895), II vecchio della montagna(1900), La Sardegna, Piccola rivista, Nuova Antologia အစရှိသည့် စာအုပ်များကိုရေးသားခဲ့သည်။ ၁၉၀၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် Elias Portolu သည် သူမ၏ အောင်မြင်ရေး လမ်းကြောင်းကို တွန်းပို့ခဲ့သောစာအုပ်ဟု ပြောဆိုကြသည်။ ထို့နောက်ရေးသားခဲ့သည့် Cenera(1904), L edera(1908), Sino al confine(1911), Colombi e sparvieri(1912), Canne al vento(1913) စာအုပ်တို့သည် သူမ၏ထင်ရှားသော စာအုပ်များဖြစ်လာ ခဲ့သည်။ L incendio nell oliveto(1918), II Dio dei venti(1922) တို့သည် အီတလီနိုင်ငံတွင် အထူးထင်ရှားသော စာအုပ်များ ဖြစ်သည်။ Cenere ကို အီတလီ၏ ထင်ရှားသောမင်းသမီး Eleonora Duse ဖြင့် ရုပ်ရှင်ရိုက်ခဲ့သည်။

ဒီလဲ့ဒါ၏ စာပေလက်ရာများတွင် ခံစားမှုရေချိန်မြင့်မားသော ချစ်ခြင်းမေတ္တာ၊ နာကျင်ကြေကွဲမှု အစရှိသည့် စိတ်ထိရှခံစား လွယ်သော စိတ်ခံစားမှုများကိုတွေ့ရကြောင်းနှင့် အခြားသောအမည်ကျော် စာရေးဆရာများ၏ လွှမ်းမိုးမှုများကိုပါ တွေ့ရကြောင်း လေ့လာသူ များက ဆိုသည်။ ဒီလဲ့ဒါ၏ စာပေလက်ရာများတွင် ဝတ္ထုတစ်ပုဒ်၏ ဆက်တင်ဖြစ်သော နေရာ၊ လူ၊ ပတ်ဝန်းကျင်နှင့် ခံစားမှုရသတို့သည် ချိတ်ဆက်ဆက်နွယ်နေပြီး အားကောင်းနေတတ်သည်ဟုလည်း သုံးသပ်ကြသည်။ ဒီလဲ့ဒါသည် စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၂၆ ခုနှစ်တွင် ရရှိခဲ့သည်။ စာပေဆိုင်ရာနိုဘယ်ဆုရရှိသည့် အမျိုးသမီးများ ၁၃ ဦးအနက် ဒုတိယမြောက်အမျိုးသမီးဖြစ်သည်။ ဒီလဲ့ဒါသည် အသက် ၆၄ နှစ်အရွယ်၊ ၁၉၃၆ ခုနှစ်၌ ရောမတွင် ကွယ်လွန်ခဲ့ သည်။

ဟန်ဇော်

ကိုးကား

http://www.en.wikipedia.org

http://www.nobelprize.org

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ထုတ်

အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2025 Han Sann | Powered by Minimalist Blog WordPress Theme