Han Sann

ဟန်ဆန်း | စာပေနှင့် အနုပညာ

Menu
  • Home | အဖွင့်
  • Literature | စာပေ
  • Film | ရုပ်ရှင်
  • Art | အနုပညာ
  • Book | စာအုပ်
  • Tech | နည်းပညာ
  • Media | မီဒီယာ
  • Me | ကျွန်ုပ်
Menu

နာဒင် ကိုဒိုင်းမား ဆိုသူမှာ

Posted on April 8, 2015 by Han Sann
နာဒင် ကိုဒိုင်းမား
နာဒင် ကိုဒိုင်းမား

နာဒင် ကိုဒိုင်းမား(Nadine Gordimer)ဆိုသူမှာ တောင်အာဖရိက စာရေးဆရာမတစ်ဦးဖြစ်သည်။ စာပေဆိုင်ရာ နိုဘယ်ဆုရှင်၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည်။ စာပေဆိုင်ရာနိုဘယ်ဆုကို ၇ ဦး မြောက်ရရှိထားသည့် အမျိုးသမီးစာရေးဆရာဖြစ်သည်။

ကိုဒိုင်းမားကို ၁၉၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်တွင် မွေးဖွားခဲ့သည်။ ကက်သလစ် ခရစ်ယာန်သီလရှင် ကျောင်းတွင် ပညာသင်ယူခဲ့သည်။ University of the Witwaersrand တွင် တက္ကသိုလ်ပညာရပ်ကို ဆည်းပူး ခဲ့သော်လည်း ဘွဲ့မရခဲ့ပါ။ ကိုဒိုင်းမားသည် စာပေကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခဲ့သည်။ စာပေများကို လေ့လာဖတ်ရှုခဲ့သည်။ အသက် ၉ နှစ်အရွယ်တွင် စာပေရေးသားခဲ့သည်။

၁၉၃၇ ခုနှစ်၊ အသက် ၁၅ နှစ်အရွယ်တွင် သူမ၏ ပထမဦးဆုံးစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစာအုပ် သည် ကိုဒိုင်းမား၏ ဝတ္ထုတိုများကို စုစည်းထားသော စာအုပ်ဖြစ်သည်။ South African Magazine တွင် ဝတ္ထုတိုများ ရေးသားခဲ့သည်။ ထိုဝတ္ထုတိုများကို Face to Face အမည်ဖြင့် ၁၉၄၉ ခုနှစ်တွင် စာအုပ်ထုတ်ခဲ့ သည်။ ၁၉၅၃ ခုနှစ်တွင် The Lying Days လုံးချင်းဝတ္ထုစာအုပ်ကို ရေးသားထုတ်ဝေခဲ့သည်။ ထိုစာအုပ်သည် ကိုဒိုင်းမား၏ ပထမဦးဆုံးသော လုံးချင်းစာအုပ်ဖြစ်သည်။ ကိုဒိုင်းမား၏ စာပေလက်ရာများကို ကမ္ဘာ့စာပေအသိုင်းအဝန်းက ၁၉၆၁ ခုနှစ်ဝန်းကျင်မှသာ သိရှိခဲ့သည်ဟု လေ့လာသူများက ဆိုသည်။ ကိုဒိုင်းမားသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်၍ သူမရေးသားသည့် စာပေလက်ရာများသည် နိုင်ငံရေးဆိုင်ရာ စာပေလက်ရာများဖြစ်သည်။ ထိုစာပေလက်ရာများဖြင့် နိုင်ငံတကာစာပေအသိုင်းအဝန်း က သူမကို သိရှိခဲ့ခြင်းဖြစ်သည်။

ကိုဒိုင်းမား၏ စာပေလက်ရာများတွင် ကိုယ်ကျင့်တရားဆိုင်ရာများ၊ လူမျိုးရေးရာအကြောင်းအရာများ၊ လူမျိုးရေးခွဲခြားမှုများ၊ လူဖြူလူမည်းပြဿနာများနှင့် စီးပွားရေး၊ လူမျိုးရေး မညီမျှမှုများသည် အများစု ပါဝင်ခဲ့သည်။ သူမကိုယ်တိုင်လည်း ထိုအရေးကိစ္စများကို စိတ်ဝင်စားခဲ့သည်။ ထိုအရေးကိစ္စများသည် တောင်အာဖရိကတွင် ဖြစ်ပေါ်နေသော အရေးကိစ္စလည်းဖြစ်သည်။

ကိုဒိုင်းမားသည် တောင်အာဖရိက၏ နိုင်ငံရေးကို စိတ်ဝင်စားသည်နှင့်အတူ တောင်အာဖရိက၏ လူမည်း ခေါင်းဆောင်၊ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်စင်မန်ဒဲလားနှင့် ရင်းနှီးသူဖြစ်သည်။ လူဖြူလူမည်းခွဲခြား ဆက်ဆံမှုကို ဆန့်ကျင်လှုပ်ရှားရာမှ တောင်အာဖရိက၏ နိုင်ငံရေးအသိုင်းအဝန်းနှင့် ရင်းနှီးခဲ့သူဖြစ်သည်။ နယ်စင်မန်ဒဲလား၏ နိုင်ငံရေးလုပ်ငန်းများကို ပါဝင်ကူညီခဲ့သည်။ နယ်စင်မန်ဒဲလား၏ မိန့်ခွန်အချို့ကို ကိုဒိုင်းမားက ကူညီရေးသားပေးခဲ့သည်ဟု ဆိုကြသည်။ နယ်စင်မန်ဒဲလားသည် တောင်အာဖရိက၏ နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ခဲ့သည်။ အကျဉ်းထောင်အတွင်း နှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည်။ နယ်စင်မန်ဒဲလားသည် ၁၉၉၀ ခုနှစ်တွင် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့သည်။ ထိုသို့လွတ်မြောက်စဉ် တွင် နယ်စင်မန်ဒဲလားက ပထမဦးဆုံးတွေ့ဆုံလိုခဲ့သူမှာ ကိုဒိုင်းမား ဖြစ်ခဲ့သည်။ ကိုဒိုင်းမားသည် တက္ကသိုလ်ပညာရေးဆုံးခန်းမတိုင်ခဲ့သော်လည်း ၁၉၆၀ ခုနှစ်မှ ၁၉၇၀ ခုနှစ်ကာလအတွင်း အမေရိက နိုင်ငံရှိ ကျောင်းအချို့တွင် စာပေသင်ကြားသူအဖြစ် လုပ်ကိုင်ခဲ့သည်။ သူမ၏ ထင်ရှားသော စာပေ လက်ရာများမှာ The Conservationist, Burger’s Daughter နှင့် July’s People တို့ဖြစ်သည်။

စာပေဆိုင်ရာဆုအနေဖြင့် Booker Prize ကို ၁၉၇၄ ခုနှစ်တွင် ရရှိခဲ့ပြီး စာပေဆိုင်ရာနိုဘယ်ဆုကို ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် နာဒင် ကိုဒိုင်းမားသည် တောင်အာဖရိကနိုင်ငံ၌ ကွယ်လွန်ခဲ့သည်။

ဟန်ဇော်

၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်ထုတ် အလင်းတန်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

Category: Uncategorized
  • မြန်မာ၀တ္ထုတို ရာပြည့်နှစ်
  • မြန်မာဝတ္ထုတို မျိုးဆက်သစ်
  • ဟန်ဆန်းအကြောင်း

Recent Posts

  • အိုဘယ့်… အို…တေးမြုံငှက်
  • သုံးဆယ့်တစ်ဘုံသား ကဗျာဖတ်သူ (သောက်ခဲ့သော) ဘလက်ကော်ဖီ
  • စံ(Standard)တစ်ခုပဲ ရှိပါတယ်
  • ၀ဿန်ချိန်ခါ
  • သည်းခံနိုင်၏ သည်းမခံနိုင်၏
© 2023 Han Sann | Powered by Minimalist Blog WordPress Theme