လူတို့၏ နေ့စဉ်နေထိုင်မှုဘဝထဲတွင် ငွေကြေးသည် မသိလိုက် မသိဖာသာ နေထိုင်နေခဲ့သည်။ လူသားတို့၏ နေ့စဉ်ဘဝသည် ငွေကြေးရှာဖွေနေရသည့် ဘဝလည်ပတ်မှုပုံစံထဲတွင် တည်ရှိနေသည်။ ပစ္စည်း၊ ဝန်ဆောင်မှု၊ လုပ်အားနှင့် ဉာဏ်အားတို့ကို ဝယ်ယူရောင်းချရန် ငွေကြေးကို တန်ဖိုးတစ်ခုအဖြစ် ကြားခံ သုံးစွဲရသည်။
သတ္တု၊ စက္ကူနှင့်ပလပ်စတစ်များထဲမှ တစ်မျိုးမျိုးအား သုံးစွဲပြီး ကြားခံတန်ဖိုးတစ်ခုအဖြစ် ငွေကြေးကို သုံးစွဲကြ သည်။ တနည်းအားဖြင့်လည်း ပိုက်ဆံဟု ခေါ်ဆိုကြသည်။ ရွှေဆိုသော သတ္တုကို အမာခံတန်ဖိုးအဖြစ် ထားရှိပြီး ကမ္ဘာ့ငွေကြေးများ လည်ပတ်နေသည်။ ကမ္ဘာ့ငွေကြေး ဈေးကွက်ကြီး ရှင်သန်လှုပ်ရှားနေသည်။ ငွေတန်ဖိုးများ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်။ ငွေကြေးဈေးကွက်အတွင်းသို့ တရားဝင်မဟုတ်ဟုဆိုနိုင်သော ဘစ်ကွိုင်ငွေကြေး အမျိုးအစားတစ်ခု ဝင်ရောက်လာသည်။
ဘစ်ကွိုင်ငွေကြေးဆိုသည်မှာ
ဘစ်ကွိုင်ငွေကြေး(Bitcoin)ဆိုသည်မှာ တရားဝင်ငွေကြေးထိန်းချုပ်မှု တစ်ခုခုအောက်တွင် မရှိဘဲ၊ ဘဏ်စနစ်နှင့် အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိဘဲ သီးခြားလွတ်လပ်စွာ ရပ်တည်နေသော ငွေကြေးတစ်ရပ်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ အိုင်စီတီဖွံဖြိုးတိုးတက်မှု၏ ရိုက်ခတ်မှုလှိုင်းများကြောင့် အသစ်ပေါ်ပေါက်လာသည့် ငွေကြေးအမျိုး အစားတစ်ရပ်ဖြစ်ပြီး အွန်လိုင်းငွေကြေးလည်ပတ်မှုစနစ်တစ်ခုအဖြစ် ရပ်တည်နေသော ငွေကြေးစနစ်တစ်ခုလည်း ဖြစ်သည်။
ဘစ်ကွိုင်ငွေကြေးကို ၂၀ဝ၉ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဂျပန်လူမျိုးတစ်ဦးဖြစ်သူ ဆာတိုရှိ နာကာမိုတိက ဘစ်ကွိုင်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ဆာတိုရှိ နာကာမိုတိသည် တီထွင်သူ၏ နာမည်အရင်း မဟုတ်ဘဲ အမည်ဝှက် တစ်ခုသာ ဖြစ်သည်။
အသေးဆုံး အချက်အလက်ယူနစ် ငွေအကြွေ သို့မဟုတ် ဘစ်ကွိုင်
ဘစ်ကွိုင်ငွေကြေးကို အင်္ဂလိပ်ဘာသာစကားဖြင့် Bitcoin ဟု သုံးစွဲ သည်။ Bit နှင့် Coin ဆိုသော စကားလုံးနှစ်လုံးကို ပေါင်းစည်းထားခြင်း ဖြစ်သည်။ Bit ဆိုသော ဝေါဟာရကို ကွန်ပျူတာနည်းပညာတွင် ကွန်ပျူတာသုံး အသေးဆုံး အချက်အလက်ယူနစ်ဟု ခေါ်ဆိုသည်။ Coin ဆိုသောဝေါဟာရကို ငွေအကြွေစေ့၊ ဒင်္ဂါး ဟု ခေါ်ဆိုကြသည်။ Bitcoin ကို တိုက်ရိုက်ဘာသာပြန်မည်ဆိုပါက အသေးဆုံး အချက်အလက်ယူနစ် ငွေအကြွေ သို့တည်းမဟုတ် အသေးဆုံး အချက်အလက်ယူနစ် ဒင်္ဂါးဟု ဖြစ်ကောင်းဖြစ်နိုင်မည်။ ထိုသို့ခေါ်ဆိုက ဆိုလိုရင်းအဓိပ္ပာယ်နှင့် မကွဲလွဲစေကာမူ ဘစ်ကွိုင်ငွေကြေးဆိုသည်ကို ပိုမိုသုံးစွဲလိုပါသည်။
ဘဏ်ကို ကြားခံရန်မလိုဘဲ တိုက်ရိုက်ငွေပေးငွေယူနိုင်ခြင်း
ဘစ်ကွိုင်ငွေကြေးကို ငွေပေးငွေယူအတွက် သုံးစွဲရန် ရုပ်ဝတ္ထုတစ်စုံ တရာအနေဖြင့် မလိုအပ်သလို ငွေပေးငွေလွှဲ အတွက် ဘဏ်တစ်ခုခုကိုလည်း ကြားခံရန် မလိုအပ်ပါ။ ငွေပေးငွေလွှဲအတွက် ငွေလွှဲခ တစ်စုံတရာကိုလည်း ပေးဆောင်ရန် မလိုအပ်ပါ။ ထို့အတူ အသုံးပြုသူ၏ အမည်နာမအရင်းအခြားကို အသိပေးရန်လည်း မလိုအပ်ပါ။ ထို့ကြောင့် အမည်မဖော်လိုဘဲ ဝယ်ယူလိုသည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများကို ဝယ်ယူရာတွင် အသုံးတည့်နေ သည်။ ထိုသို့ ဝယ်ယူရာတွင် ငွေလဲလှယ်နှုန်းထားများအတွက် ပေးဆောင်ရခြင်း၊ နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးဆိုင်ရာ ဥပဒေတစ်ရပ်ရပ်ကို လိုက်နာရန် မလိုအပ်ခြင်းတို့ကြောင့် ဝယ်ယူရသည့် ကုန်ပစ္စည်းများနှင့်ဝန်ဆောင်မှုများကို ဈေး သက်သာစွာ ရရှိစေသည်။
ဘစ်ကွိုင်ငွေကြေး လဲလှယ်ခြင်း
ဘစ်ကွိုင်ငွေကြေးနှင့် အခြားငွေကြေးတစ်ရပ်ရပ်ကို လဲလှယ်လိုပါက လဲလှယ်နိုင်သည့် အခြေအနေတစ်ရပ်လည်း ရှိသည်။ ဘစ်ကွိုင်ငွေကြေးကို ဝယ်ယူခြင်းနှင့် ရောင်းဝယ်ခြင်းများ ပြုလုပ်နိုင်သည်။ ထိုသို့ ရောင်းဝယ်ရန်အတွက် လည်း ဘစ်ကွိုင်ငွေကြေးဈေးကွက်များ ရှိသည်။ အခြားသော ငွေလဲလှယ်မှုလုပ်ငန်းများကဲ့သို့ ဘစ်ကွိုင်ငွေကြေး လဲလှယ်မှုကို ပြုလုပ်နိုင်သည်။ Mt.Gox သည် ဘစ်ကွိုင်ငွေကြေးလဲလှယ်မှုလုပ်ငန်းများထဲမှ အကြီးမားဆုံးသော ငွေလဲလှယ်နိုင်သည့် နေရာတစ်ခုဖြစ်သည်။
ဘစ်ကွိုင်ငွေကြေးကို အသုံးပြုသူတစ်ဦးနှင့်တစ်ဦးလည်း မိုဘိုင်းအက်ပ် များ၊ ကွန်ပျူတာများဖြင့် လွှဲပြောင်းပေး နိုင်သည်။ ထိုသို့ လွှဲပြောင်းပေးခြင်းသည် ဒီဂျစ်တယ်ပိုက်ဆံများကို လွှဲပြောင်းပေးသည်နှင့် တူညီသည်။
ဘစ်ကွိုင်ငွေကြေး သိမ်းဆည်းခြင်း
ပိုက်ဆံများကို ပိုက်ဆံအိတ်တစ်ခုအတွင်း သိမ်းဆည်းထားသကဲ့သို့ ဘစ်ကွိုင်ငွေကြေးများကိုလည်း ဒီဂျစ်တယ် ပိုက်ဆံအိမ်များတွင် သိမ်းဆည်းထားနိုင်သည်။ ထိုသို့ သိမ်းဆည်းခြင်းဖြင့် ဘစ်ကွိုင်ငွေကြေးများသည် အွန်လိုင်း သိမ်းဆည်းမှုတစ်နေရာ သို့တည်းမဟုတ် အသုံးပြုသူ၏ ကွန်ပျူတာတစ်ခုထဲတွင် ပိုင်ဆိုင်သည့် ပမာဏတန်ဖိုး တစ်ခုကို မှတ်သားပေးခြင်းအားဖြင့် တည်ရှိနေမည်ဖြစ်သည်။ ထိုမှတဆင့် ငွေလက်ခံခြင်းနှင့်ပေးချေခြင်းကို ပြုလုပ်နိုင်မည်။
ဘစ်ကွိုင်ငွေကြေး၏ အနာဂတ်
ဘစ်ကွိုင်ငွေကြေး ၁၂ သန်းခန့်သည် ကမ္ဘာ့တစ်ဝန်းရှိ သုံးစွဲသူ ၂ သန်းခန့်အကြားတွင် လည်ပတ်လျှက်ရှိသည်။ ထိုငွေကြေးစနစ်ကို အွန်လိုင်းပေးချေမှုများအပြင် စားသောက်ဆိုင်များတွင်ပါ အသုံးပြုလာနိုင်ပြီဖြစ်သည်။ တဖြည်းဖြည်းဖြင့် အသုံးတွင်ကျယ်လာသော ဘစ်ကွိုင်ငွေကြေးစနစ်ကို ဘဏ်များက ထိန်းချုပ်နိုင်ရန် ကြိုးစား လာသည်။ အစိုးရများက အခွန်ဆိုင်ရာကိစ္စရပ်များကို စိုးရိမ်လာသည်။ ငွေကြေးလည်ပတ်မှုစနစ်များကို ထိန်း သိမ်းနိုင်မှု အားနည်းလာမည်ကို ပူပန်လာကြသည်။
ဘစ်ကွိုင်ငွေကြေးစနစ်သည် စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းသိမ်းထားခဲ့သည့် စနစ်တစ်ခုမဟုတ်သောကြောင့် အနာဂတ်တွင် အောင်မြင်မှုရလာ နိုင်သည်၊ မရလာနိုင်သည်ကို မည်သူကမျှ အကဲမဖြတ်နိုင်သေးပါ။ ဘစ်ကွိုင်၏ အနာဂတ်ဖြစ်တည်မှုသည် သေချာရေရာခြင်း မရှိသေးပါ။
ဟန်ဇော်
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထုတ် ဂလိုဘယ်အင်္ဂလိပ်မဂ္ဂဇင်းတွင် ဖော်ပြပါရှိသည်။