စာတစ်အုပ်၏ အိမ်ဦးခန်းတွင် နေရာယူလေ့ရှိသည့် အမှာစာတစ်ပုဒ်ကိုဖတ်ရန် လိုအပ်၊ မလိုအပ်သိလိုသော အလယ်တန်းကျောင်းသားငယ်တစ်ဦးသည် ဖခင်ဖြစ်သူကို မေးခွန်းထုတ် မေးမြန်းခဲ့ဖူးသည်။ အမှာစာကို ဖတ်လိုက ဖတ်နိုင်ပြီး မဖတ်လိုက ကျော်သွားနိုင်သည်ဟု ဖခင်ဖြစ်သူက သားဖြစ်သူကို အဖြေပေးခဲ့သည်။
စာအုပ်နှင့်ပတ်သက်၍၊ စာရေးသူနှင့်ပတ်သက်၍၊ စာရေးဆရာရေးသားသည့် အကြောင်းအရာနှင့်ပတ်သက်၍ စာဖတ်သူကို မိတ်ဆက်ပေးသည့် စာသည် အမှာစာမည်သည်။ စာတစ်အုပ်လုံးကို ဖတ်ပြီးကာမှ အမှာစာကို ပြန်လည်ဖတ်ပြီး အမှာစာနှင့်စာဖတ်သူ၏ သဘောထားကိုက်ညီသည်၊ မကိုက်ညီသည်ကို အကဲဖြတ်စစ်ဆေးနိုင်သည်။ စာတစ်အုပ်လုံး၏ ဆိုလိုရင်းနှင့် အသစ်တဖန် သိယူခံစားလိုသော အကြောင်းအရင်း အကောင်းအဆိုးကို ထပ်မံစူးစမ်းနိုင် ကောင်းသည်ဟု ဖခင်ဖြစ်သူက အမှာစာနှင့်ပတ်သက်၍ သားဖြစ်သူကို ဖွင့်ဆိုရှင်းပြခဲ့သည်။
(က)
မြန်မာစာပေလောကရှိ စာအုပ်အများစုတွင် အမှာစာတစ်ပုဒ် ပါဝင်တတ်သည်။ စာအုပ်တစ်အုပ်ထုတ်ဝေရန် ပြင်ဆင်ကြချိန်တွင် အမှာစာ ရေးသားပေး မည့်သူကို အလေးထားစဉ်းစားကြသည်။ စာရေးသူ၊ ထုတ်ဝေသူ အစရှိသူတို့သည် အမှာတော်ရေးသားမည့်သူကို ရှာဖွေကြလေ့ရှိသည်။ စာရေးသူ၊ စာအုပ်ပါအကြောင်းအရာ၊ ပုဂ္ဂိုလ်၊ ပညာရပ်ဆိုင်ရာကိုလိုက်၍ အမှာစာရေးမည့်သူကို အတည်ပြုပြီးလျှင် ထိုဆရာထံ ချဉ်းကပ်၍ စာအုပ်၏ အိမ်ဦးခန်းမှ အမှာစာအတွက် အလုံးစုံအပ်နှင်းပြီး ရေးသားစေသည်။ အမှာစာ ရေးသူ၏ ရေးသားချက်များကို တန်ဖိုးထား၍ မိမိစာအုပ် အိမ်ဦးခန်းတွင် ဖော်ပြကြ သည်။
ထိုနည်းအတူ မိမိ၏စာအုပ်တွင် မိမိအတွက် အမှာစာကို စာရေးသူ ကိုယ်တိုင်က ရေးသားလေ့ရှိသည်။ မိမိကိုယ်တိုင် မိမိအမှာစာကို ရေးသားရာတွင် ထိုစာအုပ်၏ နောက်ခံအကြောင်းအရာ၊ ဖြတ်သန်းမှုအတွေ့အကြုံ၊ ရည်ရွယ်ရင်း၊ ဦးတည်ရာ အစရှိသည်တို့ကို ထည့်သွင်းရေးသားလေ့ရှိကြသည်။
တချို့သော စာအုပ်များကို ကြိမ်နှုန်းများစွာ ရိုက်နှိပ်ထုတ်ဝေရသည်။ ထိုသို့ ရိုက်နှိပ်ရသော စာအုပ်များတွင် ပထမအကြိမ်အတွက် အမှာစာ ရေးပေးသူ ဒုတိယအကြိမ်အတွက် အမှာစာ ရေးပေးသူ တတိယအကြိမ်အတွက် အမှာစာ ရေးပေးသူ အစရှိသဖြင့် အမှာစာ ရေးသားပေးသူ မတူညီနိုင်ပါ။
အကြိမ်ကြိမ်ထုတ်ဝေသော စာအုပ်များတွင် မတူညီကြသည့် ဟန်ပန် တင်ပြပုံများဖြင့် အမှာစာများကို ရေးသားတင်ပြပြီး ထုတ်ဝေတတ်ကြသည်။ စာအုပ်၏ ထုတ်ဝေသည့် ကြိမ်နှုန်း၊ ထုတ်ဝေသည့် ကာလဒေသနှင့် အခြေအနေအပေါ်မူတည်၍ အမှာစာ၏တင်ပြပုံ ပြောင်းလဲလာသည်။ မူလဘူတ စာအုပ်ပါအကြောင်းအရာက မပြောင်းလဲသည့်တိုင် အမှာစာက ပြောင်းလဲသည်။ စာအုပ်၏ ဖြစ်တည်မှု၊ ဖြတ်သန်းမှုကို ဖော်ပြသည်။
စာအုပ်တစ်အုပ်တွင် အမှာစာရေးပေးသူ တစ်ဦးနှင့်ပိုသည်လည်း ရှိသည်။ စာအုပ်၏သရုပ်သဏ္ဍန်ပေါ်မူတည်၍ မတူညီသော ချဉ်းကပ်ပုံဖြင့် မတူညီသော အမှာစာ ရေးသားသူတို့၏ ရှုထောင့်ကို တစ်ပြိုင်တည်း ဖတ်ရှုခွင့်ရသည်လည်းရှိသည်။
အမှာစာများစွာဖြင့် စာအုပ်များကို ဖတ်ရှုရသူ စာဖတ်သူသည် ထိုစာအုပ်၏ ဖြတ်သန်းမှုနှင့်တန်ဖိုးကို ထင်ထင်ရှားရှား မြင်တွေ့ခွင့်ရသည်။ လေ့လာသူ၊ ကိုးကားသူနှင့်သုတေသီများအတွက် အကိုးအကား အထောက်အထားကောင်းများ သာယာဝပြောစွာ ရရှိစေသည်။
(ခ)
အမှာစာတိုင်းကို ကောင်းမွန်သောစာများ ဖြစ်သည်ဟု မဆိုနိုင်ပါ။ ကောင်းမွန်လွန်းသော အမှာစာတို့သည် စာဖတ်သူကို အကျိုးတရားများပြားစေပါ သည်။ အမှာစာတို့တွင် တိုတောင်းသည်လည်း ရှိ၏။ ရှည်လျားသည်လည်း ရှိ၏။ ပုဂ္ဂိုလ်ရေး ချီးမွမ်းသည်လည်း ရှိ၏။ အမှာစာ ရေးသူက သူ၏ ဂုဏ်ကို ဖော်သည်လည်း ရှိ၏။ စာရေးသူအပေါ် တင်စီးရေးသားသည်လည်း ရှိ၏။
ကိုယ်တိုင်ရေး အမှာစာရေးသူများတွင် ဝန်ခံသည်လည်း ရှိ၏။ လိုသည်ထက် ပိုပြောသည်လည်း ရှိ၏။ ပင်ပန်းခက်ခဲသည်ကို တင်ပြရင်းလည်း ရှိနိုင် သလို စာ၏ စေတနာကို ပေါ်လွင်စေသည်လည်း ရှိသည်။ အမှာစာများသည် ရေးသားသူ၏ သဘောသဘာဝ၊ အကျင့်စရိုက်၊ အလေ့အထ၊ အမူအရာနှင့် အတွင်းသဘောတို့ကို ထင်ဟပ်ပေးနိုင်စွမ်းရှိနေသည်။
အဖိုးထိုက်တန်သော အမှာစာကောင်းများသည် စာဖတ်သူ၏ နှလုံးသားကို အမှန်တကယ် ပြည့်ဝေစေသည်။ ကိုးပါးသောရသကို ပေးစွမ်းနိုင်စွမ်းရှိသည်။ ထိုရသနှင့်အတူ အမှာစာမည်သော ရသစာပေကောင်း၊ သုတစာပေကောင်းတို့ကို ဖတ်ရှုရခြင်းဖြစ်သည်။
အမှာစာရေးသားသူ၏ စေတနာ၊ ကြွယ်ဝမှု၊ ပညာရည်ပြည့်မှု၊ စာအုပ်ရေးသားသူအပေါ်တွင် စေတနာထားမှု၊ စာအုပ်ကို သေချာစွာ လေ့လာဖတ်ရှုပြီး အမှာစာ ရေးသားပေးမှု စသည့်တို့ပေါ်တွင်မူတည်၍ အမှာစာတို့၏ အရည်အသွေးသည် တောက်ပရခြင်း ဖြစ်သည်။
(ဂ)
စာအုပ်နှင့်အတူ အောင်မြင်မှုရခဲ့သည့်၊ စာဖတ်သူများအကြား စာအုပ်ထက် အမှာစာက ပိုမိုအောင်မြင်သည့်၊ စာအုပ်ထက် အမှာစာကို ပိုမိုနှစ်သက်ရသည် ဟု ပြောစမှတ်တွင်ခဲ့သည့် အမှာစာအချို့ကိုလည်း သိမြင်ခံ စားခဲ့ရဖူးသည်။ အမှာစာ ရေးသူသည် မူလစာအုပ်ရေးသူကို ကျော်လွန်၍ ရေးသားပေးလေ့ မရှိပါ။ အမှာစာ ရေးသူသည် မူလစာအုပ်ရေးသူထက် ပိုမိုအားမထုတ်ရသည့်တိုင် မူလစာရေးသူနှင့် စာအုပ်ပါ သက်ဆိုင်ရာ အကြောင်းအရာကို မနှံစပ်ပါ က၊ မနီးစပ်ပါက အမှာစာကို ကောင်းမွန်စွာ ရေးသားနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အမှာစာ ရေးသားသူ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးသကဲ့သို့ လွန်စွာတာဝန်ကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ တာဝန်ကြီးမားသည်နှင့်အတူ အမှာစာကောင်းတို့သည် အခြားတစ်ဖက်တွင် ဝေဖန်ရေးစာကောင်း၊ ပညာရပ်ဆိုင်ရာဆောင်းပါး ကောင်းများအဖြစ် ရှင်သန်ရပ်တည်ကောင်း ရပ်တည်နိုင်သည်။
(ဃ)
အမှာစာတစ်ပုဒ်၏ အရေးပါပုံကို သိမြင်၍ ဖွင့်လှစ်ပြသနိုင်ခဲ့သူ စာရေးဆရာတစ်ဦး ရှိပါသည်။ ထိုသူသည်ကား စာရေးဆရာ ဇော်ခိုင်ဦးဖြစ်သည်။ စာရေး ဆရာ ဇော်ခိုင်ဦးသည် အမှာစာချစ်သူတစ်ဦးဖြစ်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။ သူရေးသားခဲ့သော ရင်မှ စွဲငြိခဲ့ရသော အမှာမုခ်ဦးများ ဆောင်းပါးသည် သူ၏ အမှာစာများအပေါ် အလေးထားသည့် နှလုံးသားကို ဖွင့်ပြနေပါသည်။ အမှာစာကိုမဖတ်ဘဲ ကျော်သွားသည်ကို မနှစ်သက်ကြောင်းနှင့် ဖတ်ခဲ့ဖူး သော အမှာစာအကြောင်းများကို ထိုဆောင်းပါးတွင် ဖွင့်ဆိုခဲ့သည်။ နှစ်သက်ခဲ့သည်များကို ထုတ်ဖော်ပြောပြသည်။ ဆက်လက် ဖတ်ကြည့်သင့်သည်များ ကို ရည်ညွှန်းပြောဆိုသည်။ စာရေးဆရာ ဇော်ခိုင်ဦး၏ အမှာစာချစ်မြတ်နိုးမှုသည် ထိုနေရာတွင် သာယာစွာ ရပ်တန့် မနေခဲ့ပါ။
(င)
တစ်နေ့တွင် ကိုဇော်ခိုင်ဦးနှင့် ဦးခင်မောင်ဦးတို့ ကျွန်တော့်အိမ်ကို အလည်အပတ်ရောက်လာကြသည်။ စကားစမြည်ပြောကြရင်း ကိုဇော်ခိုင်ဦး က ကျွန်တော်ရေးခဲ့သောစာအုပ် အမှာစာများကို စုစည်းပြီး စာအုပ်တစ် အုပ် ထုတ်ချင်ကြောင်း ပြောသည်။ သူ့ဆန္ဒကို အကောင်အထည်ဖော်ပေး ဖို့ ဦးခင်မောင်ဦးက အဆင့်သင့်ရှိသည်။ ရင်မှာစွဲငြိခဲ့ရသော အမှာမုခ်ဦးများ ဆောင်းပါးဖြင့် အမှာစာများ၏ နေရာ ကို အလေးအနက်ဖော်ညွှန်းပြီး ထိုဆောင်းပါးဖြင့် ရွှေအမြုတေစာပေဆု(ဆောင်းပါးဆု)ရခဲ့သော ကိုဇော်ခိုင်ဦး၏ ဆန္ဒကို ကျွန်တော် အလေးထားသည်။ သဘောလည်း တူသည် ဟု ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က အမှာစာများအတွက် အမှာ စာတွင် ရေးသားခဲ့သည်။
ထိုအမှာစာသည် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ကိုယ်တိုင်ရေးသားခဲ့သည့် ကျွန်တော့် ဆရာများ၊ ကျွန်တော့်ရေးဖော်များနှင့် သူတို့စာအုပ်များ တစေ့တစောင်း အမှာစာပေါင်းချုပ်စာအုပ်မှ ဆရာကြီးကိုယ်တိုင် ရေးသားခဲ့သော ကိုယ်တိုင်ရေးအမှာစာ၏ အဖွင့်အပိုဒ်ဖြစ်သည်။
၁။ ကဗျာ ၂။ ဝတ္ထု၊ ပြဇာတ် ၃။ ဘာသာစကား ၄။ စာသင်ခန်းထဲက မြန်မာစာ ၅။ စာပေသဘောတရား၊ ဝေဖန်ရေး သုတေသန ၆။ စာပေအဖွင့်၊ စာပေ မိတ်ဖွဲ့ ၇။ ဘဝနှင့်စာပေဘဝအတွေ့အကြုံဆိုသော ကဏ္ဍခွဲ ၇ ခု ခွဲကာ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)၏ အမှာစာပေါင်းချုပ်စာအုပ်သည် ၂၀၁၄ ခုနှစ် မတ်လတွင် ပိတောက်ရနံ့ စာအုပ်တိုက်မှ ထွက်လာသည်။ ဆရာကြီးရေးသားသည့် မြန်မာစာ၊ မြန်မာစာပေရေးရာတို့အတွက် အမှာစာများကို တစ်စုတစ် စည်းတည်း ဖတ်ရှုခဲ့ရပါသည်။
ထိုစာအုပ်ကို ဖတ်ရှုရခြင်းအားဖြင့် မြန်မာ့စာပေအရင်းအမြစ်များကို ခိုင်လုံစွာ သိလာသည်။ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်တို့၏ သရုပ်သဏ္ဍာန်နှင့် အဆင့်ဆင့် ဖွံ့ဖြိုးပြောင်းလဲပုံကို သိမြင်ရသည်။ စာပေသမိုင်းဆိုင်ရာ အကိုးအကားပြုနိုင်သည့် အချက်အလက် အထောက်အထားများကို သိမြင်ရသည်။ စာပေသည် သာမက ဘာသာဗေဒဆိုင်ရာများကိုလည်း သိမြင်ခဲ့ရသည်။ ထို့အတူ စာရေးဆရာ ဇော်ခိုင်ဦးက ညွှန်းပြလိုသော အမှာစာ၏ နေရာကို တွေ့မြင်ရသည်။ တန်ဖိုးကို နားလည်ရသည်။
(စ)
အမှာစာဟူသည် စာအုပ်၏ စာကိုယ်အဆောက်အအုံတွင်းသို့ လျှောက်လှမ်းဝင်ရသော စင်္ကြံလမ်းသဖွယ် ဖြစ်ပါသည်။ ဤအမှာစာ စင်္ကြလမ်းကို လျှောက် လှမ်းပြီးနောက် သက်ဆိုင်ရာစာအုပ်များကို ရှာဖွေဖတ်ချင်သူများ တိုးပွားလာမည်ဆိုလျှင် စာအကြောင်း ပေအကြောင်း ကျွန်တော် တတ်စွမ်းသမျှ ဝေမျှရကျိုးနပ်ပြီဟူသော အတွေးဖြင့် ကျေနပ်နေမည် ဖြစ်ပါသည် ဟု ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က ဆိုသည်။
အမှာတို့၊ နိဒါန်းတို့ဆိုတာ စာအုပ်တစ်အုပ်ရဲ့ မုခ်ဦးတွေပါပဲ။ ကျွန်တော်ကတော့ စာဖတ်ဖြစ်တိုင်း အဲဒီမုခ်ဦးနဲ့တူတဲ့ အမှာတွေရဲ့ အရိပ်အောက်မှာ ခဏတော့ ခိုနားလေ့ရှိပါတယ် ဟု စာရေးဆရာ ဇော်ခိုင်ဦးက ဆိုသည်။ ဆရာတို့၏ ဆိုစကားများအရ လည်းကောင်း၊ အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့သည်များအရ လည်းကောင်း အမှာစာ၏ နေရာနှင့် တန်ဖိုးကို သိမြင်ကောင်းပါသည်။
(ဆ)
မြန်မာ့စာပေတွင် အဆင့်အတန်းမြင့်မားလှသည့် စာပေပုံသဏ္ဌန်များ စွာရှိပါသည်။ နှစ်တစ်ထောင်ခရီးကို ဖြတ်သန်းခဲ့သော မြန်မာစာသည် ခေတ်အလိုက် ပြောင်းလဲလာခဲ့ပြီး မြန်မာစာပေအတွက် အသစ်အသစ်သော စာပေပုံသဏ္ဌာန်များကို အမွေအနှစ်ပေးခဲ့ပါသည်။ ထိုစာပေအမျိုးအစားများတွင် တိမ်မြှုပ် သွားသည်လည်း ရှိ၏။ ပျောက်ကွယ်လု နီးပါးဖြစ်နေသည့် စာပေအမျိုးအစားတွေလည်း ရှိနေပါသည်။ စာပေအမျိုးအစားများထဲတွင် အမှာစာကို အမျိုးအစားတစ်ခုအဖြစ် ထည့်သွင်းကောင်းပါသည်။ ရှိခဲ့ပြီးသော အမှာစာကောင်းများကိုလည်း မတိမ်မြှုပ်မပျောက်ကွယ်ရန် စုစည်းတည်းဖြတ်၍ ထုတ်ဝေသင့်ပါသည်။ စုစည်းထားသင့်ပါသည်။
အမှာစာကို စာရေးဆရာများကသာ ရေးသားကြသည် ဆိုသော်ငြားလည်း စာရေးနည်းပြီး တည်းဖြတ်သည့်လုပ်ငန်းကို ဇောက်ချလုပ်သည့် အယ်ဒီတာ ကလည်း အမှာစာရေးသားပေးလေ့ရှိပါသည်။ အခြားစာပေပုံသဏ္ဌာန်များကို အယ်ဒီတာများအနေဖြင့် အရေးနည်းကောင်း နည်းနိုင်သော်လည်း မိမိတည်းဖြတ်ခဲ့ရသည့် စာနှင့်ပတ်သက်၍ အမှာစာများကို ရေးပေးရလေ့ရှိသည်။ ထို့ကြောင့် အမှာစာအရေးများသော အမှာစာဆိုများကိုလည်း ရှာဖွေပြုစုသင့်ပါသည်။ မြန်မာစာပေအတွက် သုတေသနပြုသင့်သည် ကိစ္စတစ်ရပ်ဟုလည်း ရှုမြင်မိပါသည်။
မြန်မာစာပေတွင် အမှာစာဆိုသော စာကောင်းပေမွန်များ ရှိနေသည်မှာ သေချာနေသကဲ့သို့ မြန်မာစာပေအကြောင်းကို တစုံတရာ လမ်းပြပေးနိုင်မည်မှာ လည်း သေချာပါသည်။
အနှစ်ချုပ်
စာကိုယ်အတွင်းသို့ လျှောက်လမ်းရသော စင်္ကြံတစ်ခု၊ ခေတ္တခဏ နားခိုရသော မုခ်ဦး၊ စာဖတ်သူနှင့်စာအုပ်အကြား မိတ်ဆက်ပေးသည့် နေရာ၊ စာအုပ်၊ စာရေးသူဖြင့် ရင်းနှီးကျွမ်းဝင်ရန် စေ့စပ်ပေးသည့် တန်ဖိုးတို့ထက် အမှာစာ၏ တန်ဖိုးသည် ပိုမိုကြီးမားပါသည်။ အမှာစာကောင်းများသည် မြန်မာ့စာပေ ၏ သမိုင်းအထောက်အထားကောင်းများဖြစ်ပြီး စာဖတ်သူအတွက် သုတရသကို ပေးနိုင်စွမ်းရှိပါသည်။
ဟန်ဆန်း
၂၀၁၅ ခုနှစ် ဇန်နဝါရီ ၂၆ ရက်ထုတ် အလင်းတန်းဂျာနယ်၊ အမှတ် ၈၄၁ တွင် ဖော်ပြပါရှိသည်။