အဲလစ်မန်ရို(Alic Munro)ဆိုသူမှာ ကနေဒါနိုင်ငံသူ စာရေးဆရာမကြီးဖြစ်သည်။ ကမ္ဘာ့ခေတ်ပြိုင်ဝတ္ထုတိုလောက၏ အကျော်အမော် ဝတ္ထုတို စာရေးဆရာမကြီးဖြစ်သည်။ ၂၀၁၃ ခုနှစ်၏ စာပေဆိုင်ရာနိုဘယ်ဆုကို ပူပူနွေးနွေးရယူပိုင်ဆိုင်ထားသူဖြစ်သည်။ စာပေသက်တမ်း တလျှောက်လုံးကို ဝတ္ထုတိုရေးသားသူအဖြစ် ဖြတ်သန်းခဲ့သူဖြစ်သည်။ ၁၉၀၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း စာပေဆိုင်ရာနိုဘယ်ဆုရရှိသူ အမျိုးသမီးစာရေးဆရာ ၁၃ ဦးရှိသည့်အနက် မန်ရိုသည် ၁၃ ဦးမြောက် စာပေဆိုင်ရာနိုဘယ်ဆုရရှိထားသူဖြစ်သည်။
မန်ရိုကို ၁၉၃၁ ခုနှစ် ဇူလိုင် ၁၀ ရက်တွင် ကနေဒါနိုင်ငံ၊ အွန်တိုရီ အို၌ မွေးဖွားခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်ဘဝတွင် ရသစာပေစတင်ရေးသားခဲ့သည်။ “The Dimensions of a Shadow” ဟု အမည်ရသော ဝတ္ထုတိုကို ၁၉၅၀ ခုနှစ်တွင် ဖော်ပြခံခဲ့ရသည်။ စာမူ ဖော်ပြခံရချိန်တွင် သူမသည် ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးသည်။ အင်္ဂလိပ်ဘာသာစကားနှင့် သတင်းစာပညာကို University of Western Ontorio တွင် ပညာသင်ဆုအစီအစဉ်ဖြင့် နှစ်နှစ်တိုင်တိုင်သင်ယူခဲ့သည်။ စားပွဲထိုး၊ ဆေးရွက်ကြီးခူးသူ၊ စာကြည့်တိုက်စာရေး အလုပ်များကို မန်ရိုလုပ်ကိုင်ခဲ့ဖူးသည်။ ထိုကာလသည် ၁၉၅၀ ခုနှစ်ကာလဖြစ်သည်။ ၁၉၅၁ ခုနှစ်တွင် တက္ကသိုလ်မှထွက်၍ ဂျိမ်း မန်ရိုနှင့် လက်ထပ်ခဲ့သည်။ ဂျိမ်း မန်ရိုသည် သူမ၏ ပထမအိမ်ထောင်ဖြစ်သည်။ ၁၉၆၃ ခုနှစ်တွင် ဂျိမ်း မန်ရိုနှင့်အတူ မန်ရိုစာအုပ်ဆိုင်ကို ထူထောင် ခဲ့သည်။ မန်ရိုစာအုပ်ဆိုင်ကို ယနေ့အထိတိုင်အောင် ဖွင့်လှစ်ထားနိုင်ခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ဒုတိယအိမ်ထောင်ကို မန်ရိုက ထူထောင်ခဲ့ သည်။
အဲလစ်မန်ရို၏ ဝတ္ထုတိုများသည် သူမမွေးဖွားနေထိုင်ရာဒေသကို ဇာတ်အိမ်တည်လေ့ရှိသည်။ ထိုအချက်သည် သူမ၏ ဝတ္ထုတိုအင်္ဂါရပ်များ ထဲမှ တစ်ခုဖြစ်သည်။ သူမသည် လူ့ဘဝ၏ ရှုတ်ထွေးပွေလီမှုများကို ရိုးရှင်းသောစကားပြေဟန်ဖြင့် တင်ပြနိုင်သူဖြစ်သည်။ အရေးအဖွဲ့ ကျစ်လစ်၍ သိမ်မွေ့သည်။ စာဖတ်သူကို အတွေးသစ်အမြင်သစ်ပေးနိုင်သည်။ သူမ၏ ဝတ္ထုတိုများကို ကမ္ဘာ့စာပေလောကတွင် ထင်ရှား ခဲ့သည့် ရသစာပေအကျော်အမော်များနှင့် နှိုင်းယှဉ်ပြောဆိုလေ့ရှိကြသည်။ အထူးသဖြင့် ချက်ကော့ဖ်၏ စာပေလက်ရာများနှင့် နှိုင်းယှဉ် ပြောဆိုကြသည်။ ဝတ္ထုတိုရေးဟန် ထူးခြားဆန်းသစ်သူ၊ သမားရိုးကျဝတ္ထုတိုရေးဟန်ကို တော်လှန်သူအဖြစ် မန်ရိုကို သတ်မှတ်ကြသည်။ အဲလစ်မန်ရိုသည် ခေတ်ပြိုင်ဝတ္ထုတိုခေတ်၏ ဆရာတစ်ဆူဖြစ်သည်ဟု စာပေဆိုင်ရာနိုဘယ်ဆုကို ရွေးချယ်ပေးလေ့ရှိသော ဆွိဒစ်ရှ် အကယ်ဒမီက နိုဘယ်ဆုနှင့်ပတ်သက်ပြီး သူမကို မှတ်ချက်ပြုခဲ့သည်။
စာပေဘဝတစ်သက်တာလုံးကို ဝတ္ထုတိုသမားအဖြစ်သာ မန်ရို ဖြတ် သန်းခဲ့သည်။ ဝတ္ထုတိုစုစည်းမှုစာအုပ်များကို ထုတ်ဝေခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် “Dance of the Happy Shades” ဝတ္ထုတိုစုစည်းမှုစာအုပ်ကို မန်ရို၏ ပထမဆုံးဝတ္ထုတိုစုစည်းမှုဖြင့် ထုတ်ဝေခဲ့သည်။ ထိုစာအုပ် ဖြင့် ကနေဒါ နိုင်ငံ၏ အမြင့်ဆုံးရသစာပေဆုကို ရရှိခဲ့သည်။ ထိုဆုသည် သူမအတွက် ပထမအကြိမ်ရရှိသော ကနေဒါနိုင်ငံ၏ ရသဆိုင်ရာ အမြင့်ဆုံးဆုဖြစ်သည်။ ၁၉၇၁ ခုနှစ်ထုတ်ဝေသည့် “Lives of Girls and Women” ဝတ္ထုတိုစုစည်းမှုတွင် ပါဝင်သည့်ဝတ္ထုတိုများသည် တစ်ပုဒ်နှင့်တစ်ပုဒ် အချိတ်အဆက်မိနေခဲ့၍ လုံးချင်းဝတ္ထုရှည်တစ်အုပ်အလား ထင်မှတ်မှားခဲ့ကြသည်။ ထို့အတူ ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေ သည့် “Who Do You Think Yor Are?” ဝတ္ထုတိုစုစည်းမှုသည်လည်း ဝတ္ထုတိုတစ်ပုဒ်နှင့်တစ်ပုဒ် ချိတ်ဆက်ထားနိုင်သော စာအုပ်တစ်အုပ် ဖြစ်သည်။ ထိုစာအုပ်ဖြင့် ကနေဒါနိုင်ငံ၏ အမြင့်ဆုံးရသစာပေဆုဖြစ်သည့် Governer General’s Award ကို ဒုတိယအကြိမ်ထပ်မံရရှိခဲ့ သည်။
မန်ရိုသည် သြစတေးလျ၊ တရုတ်နှင့် စကင်ဒီနေးဗီးယားနိုင်ငံများသို့ ၁၉၇၉ ခုနှစ်မှ ၁၉၈၂ ခုနှစ်တို့တွင် ခရီးထွက်ခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် University of British Columbia နှင့် University of Queensland တို့တွင် ဧည့်သည်အဖြစ်သွားရောက်နေထိုင်ခဲ့ပြီး စာပေများရေးသား ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၉၀ ခုနှစ်အတွင်း ကာလအပိုင်းအခြားတွင် လေးနှစ်လျှင်တစ်ကြိမ်နှုန်းဖြင့် ဝတ္ထုတိုစုစည်းမှုစာအုပ်များကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူမ၏ ဝတ္ထုတိုစုစည်းမှုစာအုပ်များကို ဘာသာစကား ၁၃ မျိုးဖြင့်ဘာသာပြန်၍ ထုတ်ဝေခဲ့ကြသည်။ The New Yorker, The Atlantic Monthly, Grand Street, Mademoiselle, The Paris Review တို့တွင် ရသစာပေများကို ရံဖန်ရံခါရေးသားလေ့ရှိ သည်။ “The Bear Came Over the Mountain” ဝတ္ထုတိုကို မှီငြမ်း၍ “Away from Her” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။
၂၀ဝ၆ ခုနှစ်တွင် The view from Castle Rock က မန်ရိုကို တွေ့ဆုံမေးမြန်းခဲ့ရာတွင် သူမ၏ အသက်သည်ကြီးလွန်းနေပြီဖြစ်ကြောင်း၊ ဝတ္ထုတိုများရေးသားနိုင်တော့မည်မဟုတ်ကြောင်းနှင့် ဝတ္ထုတိုစုစည်းမှုများကို ထုတ်ဝေခြင်းပြုတော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ထိုပြောဆိုမှုကို စွန့်လွှတ်ခဲ့ပြီး “Too much Happinees” ဝတ္ထုတိုစုစည်းမှုကို ၂၀ဝ၉ ခုနှစ် သြဂုတ်တွင် ထုတ်ဝေခဲ့သည်။
မန်ရိုသည် စာပေဆိုင်ရာနိုဘယ်ဆုကို ၂၀၁၃ အောက်တိုဘာတွင် ရရှိ ခဲ့သည်။ ကနေဒါနိုင်ငံ၏ အမြင့်ဆုံးရသစာပေဆုဖြစ်သည့် Governor Generals Award ကို ၁၉၆၈ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၈ ခုနှစ်တွင် တစ်ကြိမ် နှင့် ၁၉၈၆ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ်ရရှိခဲ့သည်။ ၂၀ဝ၉ ခုနှစ်တွင် Man Booker International ဆုကို သူမ၏ တစ်သက်တာစာပေလက်ရာများအတွက် ရရှိခဲ့သည်။ မန်ရိုသည် အသက် ၈၂ နှစ်အရွယ်မှသာ စာပေဆိုင်ရာနိုဘယ်ဆုကိုရရှိခဲ့သူဖြစ်ပြီး ကနေဒါနိုင်ငံတွင် နေထိုင်လျက်ရှိသည်။
စာပေဆိုင်ရာနိုဘယ်ဆုရရှိခဲ့သည်နှင့်ပတ်သက်၍ မန်ရိုက ကျွန်မ ပြေးနေတယ်ဆိုတာ ကျွန်မသိနေပေမဲ့ အောင်မြင်မှုကိုတော့ ကျွန်မဘယ် တော့မှ မတွေးခဲ့ပါဘူး ဟုပြောဆိုခဲ့သည်။ သူမ၏ စာအုပ်များနှင့်ပတ်သက်၍ ကျွန်မစာအုပ်များကိုဖတ်ပြီး သာယာကြည်နူးနေကြတာကိုပဲ ကျွန်မလိုချင်ပါတယ်။ ကျွန်မစာအုပ်များက အမျိုးသား၊ အမျိုးသမီးနှင့်ကလေးများပါမကျန် အားလုံးကိုရည်ညွှန်းပါတယ် ဟု ပြောဆိုခဲ့ သည်။ စာပေဆိုင်ရာနိုဘယ်ဆုသည် နိုင်ငံရေးနှင့်နှီးနွယ်သောအကြောင်းအရာများကိုသာပေးလေ့ရှိသဖြင့် မန်ရိုအနေဖြင့် နိုဘယ်ဆုရလိမ့် မည်ဟု မမျှော်လင့်ခဲ့ကြပါ။ စာပေဆိုင်ရာနိုဘယ်ဆုကို မန်ရိုရရှိလာခဲ့သည့်အတွက် ဝတ္ထုတိုသက်သက်ရေးသားသူတစ်ယောက် နိုဘယ်ဆုရ ရှိရန် နှစ်တစ်ရာခန့်စောင့်ဆိုင်းခဲ့ရသည်ဟု ဆိုကြပြန်သည်။
ဟန်ဇော်
Ref; http://www.en.wikipedia.org, http://www.cbc.ca, http://www.news.bbc.co.uk
အလင်းတန်းဂျာနယ် အမှတ် (၇၈၅)၊ ၁၆ ဒီဇင်ဘာ ၂၀၁၃ ခုနှစ်