နေက လိုတာထက် ပိုပြီး ပူနေတယ်။ သွားလာ လှုပ်ရှားနေသူတွေကတော့ ချွေးအလိမ့်လိမ့်ကျ လောက်အောင်ပဲ။ ကျွန်တော်တို့ မင်းသား မောင်ရင်ညိုတစ်ယောက်ကတော့ မှိုင်တွေ ငေးမောနေတယ်။ တိမ်တွေ ညိုပြီး အုံ့မှိုင်းနေသလိုပေါ့။ ရာသီဥတုက ပူပူ၊ လူတွေက လှုပ်လှုပ်ရွရွနဲ့။ ဒီလူတွေ ကြားထဲမှာ ငြိမ်သက်ငေးမောနေသူက မောင်ရင်ညိုတစ်ယောက်ပေါ့။
သူ့ဆီက အင်အားကြီးမားတဲ့ “စကားလုံးကောင်းကင်” တွေကို မကြားရ။ (စကားလုံးကောင်း ကင်ဆိုတာက ရပ်ကွက်ထဲမှာ ကောင်းကင် လက်ဖက်ရည်ဆိုင်ရှိတယ်။ အဲဒီ ကောင်းကင် လက်ဖက်ရည် ဆိုင်မှာ မောင်ရင်ညိုရဲ့ ခမ်းနားတဲ့၊ ထည်ဝါတဲ့၊ ထူးဆန်းတဲ့ စကားတွေကို ကြားရတတ်တယ်။ ကြားရဖန် များလာတဲ့အခါ ကျွန်တော်တို့က မောင်ရင်ညိုကို စကားလုံးကောင်းကင်လို့ နာမည်ပြောင် ခေါ်တယ်။)
ကန်ရေပြင်လို ငြိမ်သက်နေရင် မောင်ရင်ညိုတစ်ယောက် တစ်ခုခုကို ကြေကွဲနေလား၊ ကြံစည်နေ လား ခန့်မှန်းရ ခက်တယ်။ ဪ သတိရလို့ မောင်ရင်ညိုဟာ ဂျာနယ်တစ်စောင်မှာ သတင်းတိုတစ်ပုဒ်ပါ ဖူးထားတဲ့ စာနယ်ဇင်းဆရာပေါက်စလေးပါ။
ကြားရ ကြားရ နားဝ မသက်သာပဲ ပြောရမလား။ မောင်ရင်ညိုရဲ့ ကောင်းကင်စိတ်ကူးတွေကို သိ ခွင့်ရလိုက်ပါပြီ။(ကောင်းကင်စိတ်ကူးဆိုတာ သဘောပေါက်မှာပါနော်။ အဓိပ္ပါယ်နှစ်ခု ထွက်တယ်လေ။) ဒီရက်ပိုင်းမှာ မောင်ရင်ညိုဟာ ဂျာနယ်တော်တော်များများကို မလွတ်တမ်း ဖတ်တယ်လေ။(ဝမ်းစာဖြည့် တယ်ဆိုပဲ) အဲဒီမှာ ဝမ်းစာပြည့်သွားသလား။ ချော်သွားသလားမသိ။ ထင်ပေါ်ကျော်ကြားသူတွေရဲ့ လှုပ်ရှားမှုတွေကို အားကျသွားပါလေရဲ့။
အင်း အဲဒါကတော့။
သူ့မွေးနေ့ အထိမ်းအမှတ်ကို သူ့မိတ်ဆွေ ပရိသတ်နဲ့ ကျင်းပမလို့တဲ့။
ဘာမှ မကြာလိုက်ရပါဘူး။ သူ့ စီမံကိန်းကို စပါတော့တယ်။ လမ်းထိပ်နားက ကားနံပါတ်ရေး၊ အဲ အခု ဆိုင်းဘုတ်ရေး ပန်းချီဆရာနဲ့ တိုင်ပင်ပြီး သူ့ကလောင်အမည်၊ မွေးနေ့ကျင်းပမည့် ရက်၊ ကျင်းပ မည့်နေရာတို့ကို ရေးစေပါတယ်။ ဆိုင်းဘုတ်ရေးနေချိန်မှာလည်း သူ့ပရိသတ်ကို ဝင်ကြေးနဲ့ ဖိတ်ရမလား၊ ဝင်ကြေး အခမဲ့ဖိတ်ရမလား စဉ်းစားလို့ နေသေးတယ်။ သူ့ပန်းချီဆရာက “ခင်ဗျားက မွေးနေ့ကို စီးပွားရှာ မလို့လား” မေးလိုက်တော့မှ “ပရိသတ်အစစ် လိုချင်တာကွ” ဆိုပြီး ဝင်ကြေးအခမဲ့ ဖြစ်သွားပါတော့ တယ်။ ဆိုင်းဘုတ် ရေးပြီးချိန်မှာလည်း အကျေနပ်ကြီး ကျေနပ်နေတယ်။
သူ့ပရိသတ်ကို ဆိုင်းဘုတ်နဲ့ မွေးနေ့ပွဲကို ခေါ်လို့ရပေမယ့် စာနယ်ဇင်းဆရာတွေကိုတော့ ဖိတ်စာ မပေးလို့ မကောင်း။ ဖိတ်စာမှာ (အဲ လမ်းထိပ်နားက ကွန်ပျူတာဆိုင်မှာ) စာနယ်ဇင်းဆရာ မောင်ရင်ညို၊ ဤနေ့ ဤရက်တွင် ဤနေရာမှာ မိတ်ဆွေရောင်းရင်းများနဲ့ တွေ့ဆုံရင်း သူ့ပရိသတ်ကြီးနဲ့ပါ ဆုံစည်းမှာမို့ လို့ ရေးသားရိုက်နှိပ်ထားလိုက်တယ်။ ကွန်ပျူတာစာစီက ဖိတ်စာရတာနဲ့ မောင်ရင်ညိုတစ်ယောက်ဟာ ဂျာနယ်၊ မဂ္ဂဇင်းတိုက်တွေကို တစ်တိုက်ဝင် တစ်တိုက်ထွက် လိုက်ဖိတ်တယ်။ သူတွက်ထားတဲ့အတိုင်းပဲ စာနယ်ဇင်းလောကတစ်ခုလုံးဟာ အဲဒီနေ့အဖို့ လှုပ်ခါလို့ သွားရတော့တယ်။ (အကြောင်းကတော့ “မောင်ရင်ညိုဟာ ဘယ်သူလဲ၊ လုံးချင်းဘယ်နှအုပ် ထွက်ဖူးလဲ။ ဘယ်ဂျာနယ်၊ မဂ္ဂဇင်းမှာ ရေးနေလဲ။ ဘာ ကြောင့် ဒီလို မွေးနေ့ပွဲကြီးလုပ်ရလဲ” စတဲ့ စတဲ့ မေးခွန်းတွေကို တစ်ဦးနဲ့တစ်ဦး၊ တစ်တိုက်နဲ့တစ်တိုက် အပြန်အလှန် ဆက်သွယ်မေးမြန်းနေရလို့ ဖြစ်တယ်။)
မောင်ရင်ညိုတစ်ယောက်ကတော့ သူ့စီမံကိန်းကို စနစ်တကျ စီစဉ်လို့နေပါတယ်။ ရပ်ကွက်ထဲမှာ ဒီနေ့ စာနယ်ဇင်းလောကရဲ့ ထိပ်တန်းစာရင်းဝင် ဂျာနယ်တစ်စောင်ရဲ့ သတင်းထောက်ပေါက်စ တစ်ဦးရှိ တယ်။ (အဲဒီသတင်းထောက် ပေါက်စလေးက သူ့ကို မသိသလို မောင်ရင်ညိုကလည်း စာနယ်ဇင်းလော ကထဲမှာ ထဲထဲဝင်ဝင်နဲ့ ကျင်လည်နေသူ မဟုတ်။ ခက်တော့ ခက်တယ်။) မောင်ရင်ညိုဟာ သူ့ဖိတ်စာဝေ ပြီး ချိန်ကစပြီး(သူ့ဩဇာကို သိချင်လို့) သတင်းထောက်ပေါက်စကို သတိထားကြည့်နေတယ်။ အရင်က တော့ အဲဒီပေါက်စကို ဂရုမစိုက်ပါ။ သူက ဝါနုတယ်လေ။ မောင်ရင်ညိုရဲ့ စာမူ စာမျက်နှာထက်မှာ ပုံနှိပ်ဖော် ပြခံရပြီးမှ သတင်းထောက်ပေါက်စက ဒီလောကထဲ ရောက်တာလေ။ တစ်ရက်မှာတော့ ထူးထူးခြားခြားပဲ၊ အဲဒီကောင်လေး လက်ထဲမှာ ပုဆိုး အကောင်းစား သုံးထည် ပါလာတယ်။ သူရတဲ့ လစာ၊ သူ့မိသားစုအခြေ အနေ၊ ဒါတွေကို ချင့်ချိန်ကြည့်ရင် ဒီလောက် မစိုပြည်နိုင်။ ဟင့် မောင်ရင်ညို ဒါကို သိတယ်လေ။ စုံစမ်း လိုက်တော့၊ လက်ဆောင်ရတာလေ။ အဟဲ၊ မောင်ရင်ညိုပဲ။
စနစ်ကျတဲ့ မောင်ရင်ညိုဟာ သူ့ပွဲတက်မယ့် စာနယ်ဇင်းဆရာ၊ ဆရာမ တစ်ဦးချင်းကို အမည်၊ အ သက်၊ ကျား၊ မ အတိအကျ စာရင်းကောက်ပါတယ်။ ပြီးတော့မှ တစ်ဦးချင်းအတွက် အမည်နဲ့တကွ လက် ဆောင်ထုပ်များ စီစဉ်တယ်။
ဒီလိုနဲ့ မောင်ရင်ညို့ကိစ္စဟာ မွေးနေ့ပွဲမတိုင်မီ နှစ်ပတ်ခန့်အလိုမှာပဲ လှုပ်ခါစပြုနေတယ်။ ဂျာနယ် တစ်ချို့မှာတော့ “မောင်ရင်ညို မည်သူနည်း” “အလုပ်ပေးတာလား မောင်ရင်ညို” စတဲ့ ခေါင်းစဉ် သေး သေးတွေနဲ့ မဝံမကြွား ရေးသားဖော်ပြစပြုနေတယ်။
မောင်ရင်ညို အကြောင်းဟာ သတင်းရေးရေးကနေ ထင်ထင်ဖြစ်လာတယ်။ စာမျက်နှာထက်မှာ ဟိုတစ်ကွက် ဒီတစ်စက် မြင်တွေ့စ ပြုလာရတယ်လေ။ မောင်ရင်ညိုကို မှီခိုနေရသူတွေက ဖျာခင်းဖို့ အသင့် အနေအထား စောင့်နေကြတယ်။ မောင်ရင်ညိုကို ရူးသွပ်လွန်းလို့ဆိုပြီး မွေးနေ့ကိတ် ပေးမယ့်သူ၊ မောင်ရင် ညိုနဲ့ မိတ်ဆွေပြု ဆွေမျိုးစပ်ကြသူတွေ ဝိုင်းဝိုင်းလည်နေတယ်။ သူ့ရဲ့ လက်တစ်ဆုပ်စာ အသိုင်းအဝိုင်းမှာ လည်း “ဘယ်သူကတော့ မောင်ရင်ညိုနဲ့ ဘယ်သို့ပတ်သက်တယ်၊ မောင်ရင်ညို စကားလုံးကောင်းကင်ထဲ မှာ ဝဲပါဖူးလို့ လက်ဖက်ရည်တစ်ခွက် သောက်ခဲ့ရဖူးတယ် စတဲ့ စတဲ့ နာမည်ကြီး ထင်ပေါ်သူတို့ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အဖြစ်လို့လည်း တစ်စ တစ်စ ဖြစ်လို့လာနေတယ်။ တစ်ချို့အုပ်စုတွေဆိုရင် အချေအတင်စကား များတဲ့အထိပဲ။
မောင်ရင်ညိုရဲ့ တစ်ဦးတည်းသော ဇနီးမှာလည်း မွေးနေ့ပွဲအတွက် စိုးရိမ်ပူပန်မှုတွေနဲ့ ကြုံတွေ့ နေတယ်။ အရင်က ဖိုသီဖတ်သီ နေပေမယ့်၊ အခု အချိန်တိုင်းမှာ သတိနဲ့ သပ်သပ်ရပ်ရပ် နေထိုင်နေရ တယ်။ သတင်းသမား ပါပါရာဇီတို့က အလစ်မှာ ဓာတ်ပုံရိုက်၊ သတင်းဖော်ပြလိုက်ရင် အရှက်တကွဲ အကျိုး နည်း ဖြစ်သွားနိုင်တယ်။ အဓိကအကြောင်းအရင်းကတော့ မောင်ရင်ညိုရဲ့ မွေးနေ့ပွဲ မတိမ်းမယိမ်းမှာ သူရဲ့ (မောင်ရင်ညိုဇနီး) နေ့စေ့ခါနီး လစေ့ခါနီး ပထမဦးဆုံး ရင်သွေးကို မွေးဖွားမှာဖြစ်တယ်။ မွေးနေ့ပွဲဂယက် နဲ့ သူတို့ဇနီးမောင်နှံပုံကို ဂျာနယ်စာမျက်နှာထက်မှာ(မျက်နှာဖုံးမှာ) ဖော်ပြကောင်း ဖော်ပြလာနိုင်တယ်။ (မတော်လို့များ မွေးခန်းထဲက မွေးနေပုံမျိုးဆို တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်မှာ သေချာတယ်။ ဟိ ဟိ ရှက်စရာ။)
မောင်ရင်ညို၊ မောင်ရင်ညိုဇနီး၊ မောင်ရင်ညိုမိတ်ဆွေ၊ မောင်ရင်ညို့ ပရိသတ်။ သူ့အိုးနဲ့ သူ့ဆန် ကိုက်နေကြလေရဲ့။
အဲဒီအချိန်မှာ စာနယ်ဇင်း ဂုရုကြီးကတော့ ရောင်းအားမြှင့်သတင်းတစ်ပုဒ်ဖြစ်ဖို့ ဖန်တီးလို့ နေ တယ်။ (မဝေးတော့တဲ့ အချိန်မှာ ရုပ်လုံးပေါ်လာမှာပါ။) သူ့ရဲ့ အတတ်ပညာဆန်းတွေနဲ့ မောင်ရင်ညိုကိစ္စ ကို ကြံစည်လို့နေပါတယ်။ အရှိန်တက်နေတဲ့ မောင်ရင်ညိုကတော့ မသိရှာပါ။ သူ လုပ်သမျှ အခုအချိန်အထိ ဖြစ်နေတာကို။
မောင်ရင်ညိုတို့ ဇနီးမောင်နှံဟာ နှစ်ယောက်တည်း တံခါးပိတ်တိုင်ပင်ခြင်းတွေလည်း အခါခါ ပြု လုပ်နေတယ်။ မောင်ရင်ညို ဘယ်လောက်အထိ ခန့်မှန်းတွက်ဆလိုက်သလဲမသိ။ သူ့ဇနီးဟာ ရှိုက်ကြီးတ ငင် ငိုကြွေးရင်း “ပါရမီ ဖြည့်ပါ့မယ် ညိုရယ်” လို့ ဆိုပါတယ်။
ပရိသတ်တို့ရေ၊ ဒီနေ့တော့ မောင်ရင်ညို မွေးနေ့ပွဲ စပါပြီ။
မောင်ရင်ညိုရဲ့ ပရိသတ်က လည်တမျှော်မျှော်နဲ့ စောင့်စားလို့ နေပါတယ်။ အချင်းချင်း ရန်ဖြစ်သံ တွေနဲ့ ဆူညံလို့ နေပါတယ်။ ဂုရုကြီး ရောင်းအားမြှင့် ဂျာနယ်သတင်းအဖွဲ့ကလည်း မယောင်မလည်နဲ့ စောင့်ကြည့်နေတယ်။ အခြေအနေပေးတာနဲ့ လက်ဆောင်ထုပ် ယူဖို့(အဲ အင်တာဗျူးဖို့) အသင့်ပြင်ထားကြ တယ်။ ထူးခြားတာကတော့ ဒီပွဲမှာ ၁၃ နှစ်အောက် ကလေးတွေ များပြားနေတာပဲ။
မောင်ရင်ညိုကတော့ သူ့မဟာစီမံကိန်းအောင်မြင်ဖို့ သောက်စရာများနဲ့ ရဲဆေးတင်နေတယ်။ မျက် နှာပေါ်မှာလည်း ငတတ်ပြားလို မျက်နှာဖုံးစွပ်ပြီး ပုဆိုးခါးတောင်းကျိုက်ကာ “ယို ယို ရေ့ ရေ့ ရီးလေး လေး အာဟ အာဟ” လို့ အော်ဟစ်ပြီး တက်လာတယ်။ ဓာတ်ပုံသတင်းထောက်တွေက လျှပ်စီးလက်သလို မီးအလင်းတွေနဲ့ ရိုက်ကြလေတော့ မှောင်မည်းမည်းမှာ မီးကင်းစင်မြင့်ပေါ် တက်နေတဲ့ မောင်ရင်ညို ပြုတ် ကျတော့မလို ဖြစ်သွားတယ်။
မောင်ရင်ညိုဟာ မီးကင်းစင်မြင့်ပေါ်ရောက်သွားပြီ။ အောက်က ပရိသတ်က မှင်တက်ငြိမ်သက် သွားတယ်။ ဓာတ်ပုံသတင်းထောက်တွေလည်း ဒီသတင်းဓာတ်ပုံကို ရယူသင့် မယူသင့် ဆုံးဖြတ်ချက်ချရ ခက်နေတယ်။ မကြာလိုက်ပါဘူး။ တဝါးဝါး တဟားဟား ရယ်သံတွေ ထွက်လာတယ်။(မောင်ရင်ညိုရဲ့ ခါးမှာ ပုဆိုးပါမလာ။) မောင်ရင်ညိုကတော့ သူ့ပရိသတ်ပွဲကျနေတာကို ကျေနပ်သွားတယ်။ ရေသန့်ဘူး များများရလေ သူ့အတွက်ကိုက်လေ မဟုတ်လား။
မောင်ရင်ညိုကတော့ သူရဲ့ ဂန္ထဝင်မယ့် ပါဖောင်းမန့်စ်တွေကို တစ်ခုပြီးတစ်ခု တင်ဆက်နေလေရဲ့။ (အသေးစိတ်တော့ မသိချင်နဲ့။ ဘာမှ မထူးဘူး။) သိပ်မကြာလိုက်ပါ။ ပွဲခင်းတစ်ခုလုံး လင်း ထိန်သွားပြီး အောက်က ပရိသတ်လည်း ရေပြင်ကို လှေဦး ဝင်တိုးသလို တြိဂံပုံဏ္ဍာန် ကျဲသွားပါတယ်။ ရပ်ကွက် တာဝန်ရှိသူ လူကြီးတွေ၊ မီးသတ်တပ်ဖွဲ့က တာဝန်ရှိသူတွေ ရောက်ရှိလာပါတယ်။ အဲဒီထဲမှာ စိတ်ကျန်းမာ ရေးဌာနက နာမည်ကျော် စိတ်ခွဲပညာရှင် ဒေါက်တာဆစ်ဂမန်ဘသိုက် ပါလာတယ်။ ပွဲရဲ့ အရှိန်က အခုမှ တက်တော့တယ်။
မောင်ရင်ညိုရဲ့ လုပ်ဆောင်ချက်တွေကို တောက်လျှောက်စောင့်ကြည့်လာတဲ့ ဒေါက်တာဆစ်ဂမန် ဘသိုက်ကတော့ သူ့အဖွဲ့တွေကို အခြေအနေ တစ်ခုချင်းကို မှတ်တမ်းတင်စေတယ်။
ဒီဝေဒနာရှင်ကို အနုနည်းနဲ့စည်းရုံးရမယ်၊ ဘယ်လို ထိန်းသိမ်းမယ် စတဲ့ စိတ်ပညာ ရှုထောင့်က နည်းလမ်းတွေကို သုံးဖို့ပြင်ဆင်ကြတယ်။ မောင်ရင်ညိုနားကို အသိမ်မွေ့ဆုံး ချဉ်းကပ်ဖို့ ကြိုးစားလိုက်တာ နာရီဝက်လောက် အချိန်ကုန် သွားတယ်။
မောင်ရင်ညိုကတော့ သူ့ရဲ့ဂန္ထဝင်ပွဲကို သူ့အစီအစဉ်အတိုင်း လုပ်နေတယ်။ ဒေါက်တာ ဆစ်ဂမန် ဘသိုက်ကတော့ အသိမ်မွေ့ဆုံး နည်းလမ်းကို ရွေးပြီး ဒီလိုအော်လိုက်ပါတယ်။
“ဟေ့ ကောင် မောင်ရင်ညို ဆင်းခဲ့”
နှစ်ခွန်း မအော်လိုက်ရ။ မောင်ရင်ညိုဟာ အောင်မြင်သူကြီးနှယ် လက်ဝှေ့ယမ်းပြီး ဆင်းလာပါ တယ်။ အောက်ရောက်တာနဲ့ သူ့ရဲ့ ဝဲဘက်နဲ့ယာဘက်က ဝိုင်းဝန်းပြီး ခေါ်ထုတ်သွားကြတယ်။ မောင်ရင်ညို ကတော့ ကျေနပ်တယ်။ ထင်ပေါ်သူတို့ဟာ အသက်အန္တရယ်၊ လုံခြုံရေး အရေးကြီးတယ် မဟုတ်လား။ ဒီလို စောင့်ရှောက်ရမှာပေါ့။
မောင်ရင်ညိုဟာ သူ့ဘဝ တစ်သက်စာမှာ မှတ်တိုင်တစ်ခုကို စိုက်ထူလို့ လူသားတို့နဲ့ မနီးမဝေး စိတ်ကျန်းမာရေးဆေးရုံမှာ အနားယူနေတယ်။
သူ မသိလိုက်တာ တစ်ခုတော့ ရှိတယ်။
သူ့ထက်လျင်တဲ့ စာနယ်ဇင်းဂုရုကြီးနဲ့ ဒေါက်တာဆစ်ဂမန်ဘသိုက်တို့ ပူးပေါင်းပြီး သူ့အခြေအနေ ကို စောင့်ကြည့်၊ ဂျာနယ်စာမျက်နှာပေါ်ကနေ ထင်မြင်ချက်တွေပေး၊ သုံးသပ်ချက်၊ ထင်မြင်ချက်၊ ရိချက် ကလိချက်တွေနဲ့ ပွဲဆူစေခဲ့တယ်။
ကြားရသူ၊ မြင်ရသူ၊ တွေ့ရသူတွေကတော့ ပြုံးကြ၊ ရယ်ကြ၊ သနားကြ၊ တချို့ဆိုရင် တရားတောင် မှ ရကြတယ်။ မောင်ရင်ညိုကတော့ သူ့ဂန္တဝင်စီမံကိန်းအတွက် ဒီနေ့အထိ ကျေနပ်တယ်။
တချို့ကတော့ မောင်ရင်ညို့ကြောင့် အတော့်ကို အဆင်ပြေ အောင်မြင်သွားကြတယ်။ ရပ်ကွက်ထဲ က ကောင်းကင်လက်ဖက်ရည်ဆိုင်ကလည်း နာမည်အသစ်တစ်ခု ပေးလိုက်တယ်။ မောင်ရင်ညို ကောင်း ကင်တဲ့၊ မြင်တတ်လိုက်ကြတာ။
မောင်ရင်ညိုကတော့ သူ့ဘဝအတွက် နောက်ထပ်မှတ်တိုင်တစ်ခု ထပ်စိုက်ဖို့ စိတ်ကူးနေပြန်တယ်။ ကြည်လင်နေတဲ့ ကောင်းကင်မှာ တိမ်ညိုညစ်တွေ ဖုံးဦးမယ် ထင်တယ်။
(ဪ ဒါနဲ့ ပြောရဦးမယ်။ သူ့နာမည် မောင်ရင်ညိုဟာ အမည်အရင်းမဟုတ်ဘူး သိလား။ ဟိုလေ ဘောလုံးအသင်းတစ်သင်းက မန်နေဂျာရဲ့ နာမည်ကို ခပ်ဆင်ဆင် ယူထားတာ။)
ဟန်ဆန်း
အလင်းတန်းဂျာနယ်၊ အမှတ်(၄၄၀)၊ ဇန်နဝါရီ(၂၂)၊ တနင်္လာ၊ ၂၀၀၇